KI - 01

Ben Ja Min-(ဘင်ဂျမင်)

အသက် - 23

ဘင်ဂျမင်က စစ်အာဏာသိမ်းကာလမတိုင်ခင်မှာ EPC က ဝန်ထမ်းတဦးဖြစ်ခဲ့ပါတယ်။ တော်လှန်ရေးကာလမှာ ဝန်ထမ်းအလုပ်ကို CDM လုပ်ခဲ့ပြီးနောက် DMO (ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်) မှာ ထောက်ပို့လုပ်နေသူတဦးဖြစ်ပါတယ်။ သူ့ရဲ့ တခုတည်းသော ရည်မှန်းချက်ကတော့ အဆိုတော်ဖြစ်ချင်တာပါ။

KI - 02

Elis Htun-(အဲလစ်ထွန်း)

အသက် - 22

အဲလစ်ထွန်းက စစ်အာဏာသိမ်းကာလမတိုင်ခင်မှာ ၁၀တန်းတက်ရောက်နေသူတဦးဖြစ်ပါတယ်။ တော်လှန်ရေးအတွင်း KNDF တပ်ရင်း ၁မှာ ရဲမေတဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ သူမရဲ့ ရည်မှန်းချက်ကတော့ အဆိုတော်တဦးဖြစ်ချင်သလို စီးပွားရေးကိုလည်းတဖက်က လုပ်ကိုင်ချင်သူပါ။

KI - 03

Eah Soel-(အယ်စိုး)

အသက် - 27

အယ်ဆိုးက စစ်အာဏာမသိမ်းခင်ကတော့ ကျောင်းဆရာတဦးပါ။ အမြဲတမ်း အနုပညာပဲလုပ်ချင်ခဲ့တဲ့သူက ဝါသနာနဲ့ အလုပ်ထပ်တူမကျခဲ့ပါဘူး။ ဒါပေမယ့် ဝါသနာကိုမစွန့်လွှတ်နိုင်လို့ သီချင်းတွေအမြဲလုပ်ဖြစ်ခဲ့သူပါ။ တော်လှန်ရေးအတွင်းမှာ KNDF တပ်ရင်း ၆ ကို ထောက်ပို့လုပ်ပေးနေရုံမက KAC (Karenni Arts Creation) မှာ ကင်မရာမန်းအဖြစ်ရော အတွင်းရေးမှူးအဖြစ်ရော တပြိုင်တည်း တာဝန်ထမ်းဆောင်နေသူပါ။ ဒါတွေတင်မကသေးဘဲ စစ်ရှောင်ပညာရေးကိုလည်း တဖက်တလမ်းက ကူညီဆောင်ရွက်နေသူဖြစ်ပါတယ်။ သူ့ရဲ့ ရည်မှန်းချက်ကတော့ အနုပညာနဲ့ဆက်စပ်တဲ့ ရိုက်ကူးရေးပိုင်းတွေ၊ အဆိုဘက်အပိုင်းတွေကို ဆက်လုပ်ချင်နေပါတယ်။

KI - 04

Htel Phoe-(ထဲဖိုး)

အသက် - 19

ထဲဖိုးက စစ်အာဏာသိမ်းကာလမတိုင်ခင်မှာ ကျောင်းသူတစ်ဦးဖြစ်ပြီး သူမရဲ့ရှေ့ဆက်မျှော်မှန်းထားတဲ့ ရည်ရွယ်ချက်ကတော့ ကျမ်းစာကျောင်းတက်ဖို့ဖြစ်ပါတယ်။ သူမဟာ တော်လှန်ရေးအတွင်း NUG ရဲ့ကြားကာလပညာရေးစနစ်မှာ ၁၀တန်းကို ဖြေဆိုအောင်မြင်ခဲ့ပြီး ကလေးတွေအတွက် မူကြိုဆရာမအဖြစ်ရော၊ Church ကျောင်းက ဆရာမလေးအဖြစ်ပါ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။

KI - 05

Chit Min Thu-(ချစ်မင်းသူ)

အသက် - 29

ချစ်မင်းသူက စစ်အာဏာသိမ်းကာလမတိုင်ခင်တုန်းက နိုင်ငံတကာအဖွဲ့အစည်းတခုမှာ ဆရာဝန်အဖြစ်လုပ်ကိုင်နေသူပါ။ တော်လှန်ရေးကာလမှာတော့ ကရင်နီ ဒေသအတွင်း အခြေစိုက်တဲ့ ကျန်းမာရေးအဖွဲ့အစည်းအခုမှာ Management တာဝန်ယူပြီး စစ်ရှောင်တွေ၊ တော်လှန်ရေးရဲဘော်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူ ဆရာဝန်တဦးအဖြစ် လုပ်ကိုင်နေပါတယ်။ တခြားရည်ရွယ်ချက်တွေထက် ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေကို ဆက်လုပ်ကိုင်ပေးချင်တဲ့ ရည်မှန်းချက်ရှိပြီး ဝါသနာပါတဲ့ ဂီတကိုလည်း ဆက်လုပ်ဖို့ရှိပါတယ်။

KI - 06

Naw Jell-(နော်ဂျဲ)

အသက် - 19

နော်ဂျဲက စစ်အာဏာသိမ်းကာလမတိုင်ခင်မှာ မြန်မာစာမေဂျာကို အဝေးသင်ပထမနှစ်နဲ့ သင်ယူနေသူ ကျောင်းသူတဦးဖြစ်ပါတယ်။ တော်လှန်ရေးအတွင်းမှာတော့ တက်ရောက်နေတဲ့ကျောင်းကို CDM လုပ်ထားပြီး တော်လှန်ရေးတဖက်နဲ့ စက်ချုပ်လုပ်ငန်းလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်ကတော့ ကလေးတွေကို စာပြန်သင်ပေးရတဲ့ ကျောင်းဆရာမလေးတဦးဖြစ်ချင်သူပါ။

KI - 07

Aung Soe Naing-(အောင်စိုးနိုင်)

အသက် - 23

အောင်စိုးနိုင်က စစ်အာဏာသိမ်းကာလမတိုင်ခင်မှ ၁၀တန်းတက်ရောက်နေသူတဦးဖြစ်ပါတယ်။ သူဟာ တော်လှန်ရေးအတွင်းမှာ NUG ရဲ့ကြားကာလပညာရေးစနစ်မှာ ၁၀တန်းကို ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ ဒါတင်မက နိုင်ငံရေးသင်တန်းတွေကိုပါထပ်တက်နေပြီး ကိုယ်ထူကိုယ်ထကျောင်းမှာ သမိုင်းနဲ့ ဘောဂဗေဒဘာသာရပ်တွေကို ပြန်လည်သင်ကြားပေးနေသူ ဆရာတဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့ရည်မှန်းချက်လေးနှစ်ခုကတော့ အဆိုတော်တဖြစ်လည်း နိုင်ငံရေးသမားဖြစ်ဖို့ပါ။

KI - 08

Nan Kay-(နန်းကေး)

အသက် - 22

နန်းကေးက စစ်အာဏာသိမ်းကာလမတိုင်ခင်မှ ၁၀တန်းတက်ရောက်နေသူတဦးဖြစ်ပြီး ရှေ့နေတစ်ဦးဖြစ်ချင်ခဲ့သူပါ။ သူမဟာ တော်လှန်ရေးအတွင်းမှာ NUG ရဲ့ကြားကာလပညာရေးစနစ်မှာ ၁၀တန်းကို ဖြေဆိုအောင်မြင်ခဲ့ပါတယ်။ တော်လှန်ရေးကို နိုင်တဲ့ဘက်ကပါဝင်ရင်း ကိုယ်ပိုင်အသေးစားစီးပွားရေးလုပ်ငန်းလေးတခု လုပ်နေသူပါ။ သူမရဲ့ရှေ့ဆက်မျှော်မှန်းထားတဲ့ ရည်ရွယ်ချက်ကတော့ အဆိုတော်ဖြစ်ဖို့ပါ။

KI - 09

Peter-(ပီတာ)

အသက် - 25

ပီတာက စစ်အာဏာသိမ်းကာလမတိုင်ခင်မှာ ပထဝီမေဂျာကို အဝေးသင်တတိယနှစ်နဲ့ သင်ယူနေသူ ကျောင်းသားတဦးဖြစ်ပါတယ်။ တော်လှန်ရေးအတွင်းမှာတော့ KNDF တပ်ရင်း(၉) မှာ ရဲဘော်တဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ အားကစားကိုလည်း ဝါသနာပါတဲ့သူဟာ ဘောလုံးသမားဖြစ်ချင်ပြီးတော့ နောက်ထပ်အိပ်မက်ကတော့ အဆိုတော်ဖြစ်ချင်သေးသူပါ။

KI - 10

Chan Chan-(ချမ်းချမ်း)

အသက် - 23

ချမ်းချမ်းက စစ်အာဏာသိမ်းကာလမတိုင်ခင်မှာ ပထဝီမေဂျာကို အဝေးသင်ပထမနှစ်နဲ့ သင်ယူနေသူဖြစ်ပါတယ်။ တော်လှန်ရေးအတွင်းမှာတော့ တက်ရောက်နေတဲ့ကျောင်းကို CDM လုပ်ထားရုံမက KNDF တပ်ရင်း ၁၉ မှာပါတာဝန်ထမ်းဆောင်နေသူ ရဲမေတဦးလည်းဖြစ်ပါတယ်။ အောင်မြင်တဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ချင်ခဲ့တဲ့သူမဟာ တော်လှန်ရေးလွန်ကာလမှာ နိုင်ငံတကာဆက်ဆံရေးပညာရပ် တက်ရောက်သင်ယူဖို့ စိတ်အားထက်သန်နေပါတယ်။

KI - 11

Saw Eh Khu-(စောအယ်ခူ)

အသက် - 33

အယ်ခူက စစ်အာဏာသိမ်းကာလမတိုင်ခင်မှာ ကျောင်းဆရာအဖြစ်လုပ်ကိုင်နေသူတဦးပါ။ တော်လှန်ရေးအတွင်းမှာတော့ တော်လှန်ရေးရဲဘော်တွေနဲ့ စစ်ရှောင်တွေကို ကူညီထောက်ပံ့ပေးသူတဦးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ သီချင်းတွေကိုယ်တိုင်ရေးပြီး သီဆိုတဲ့ အဆိုတော်ဖြစ်ဖို့ ရည်မှန်းချက်တွေရှိနေပါတယ်။

KI - 12

Naw Phaw-(နော်ဖော)

အသက် - 21

နော်ဖောက စစ်အာဏာသိမ်းကာလမတိုင်ခင်မှာ ၁၀တန်းတက်နေတဲ့ ကျောင်းသူတဦးပါ။ တော်လှန်ရေးကာလမှာတော့ KNDF တပ်ရင်း ၅ ရဲ့ အမျိုးသမီးတပ်ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေတဦးဖြစ်သလို KyWO(ကယန်းအမျိုးသမီးအစည်းအရုံး)မှာလည်း တာဝန်ထမ်းဆောင်နေသူပါ။ သူမရဲ့တခုတည်းသော ရည်မှန်းချက်ကတော့ အဆိုတော်ဖြစ်ချင်တာပါ။

KI - 13

John Marks-(ဂျွန်မတ်စ်)

အသက် - 20

ဂျွန်မတ်စ်က စစ်အာဏာသိမ်းကာလမတိုင်ခင်တုန်းက ၁၀တန်းတက်နေတဲ့ ကျောင်းသားတဦးပါ။ တော်လှန်ရေးအတွင်းမှာတော့ KNDF ဗျူဟာ ၂ မှာ ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။ သူ့ဆန္ဒက အခုတော်လှန်ရေးကို အမြန်ပြီးချင်တာဖြစ်ပြီး တော်လှန်ရေးကြီးပြီးသွားတဲ့နော် ဝါသနာပါတဲ့ အဆိုတော်တဦးဖြစ်ဖို့ ဂစ်တာတီးသင်နေပါပြီ။

KI - 14

Yoe Phe-(ယိုးဖဲ)

အသက် - 27

ယိုးဖဲက စစ်အာဏာသိမ်းကာလမတိုင်ခင်ကတည်းက အေးအေးချမ်းချမ်းလယ်ယာလုပ်ကိုင်သူ တဦးဖြစ်ပါတယ်။ တော်လှန်ရေးအတွင်းမှာ တော်လှန်ရေးကို ကူညီရင်း အရင်အလုပ်ဖြစ်တဲ့ လယ်ယာကိုပဲဆက်လက်လုပ်ကိုင်နေသူတဦးပါ။ ရည်မှန်းချက်အနေနဲ့တော့ အဆိုတော်ဖြစ်ချင်တဲ့ အိမ်မက်လေးပျောက်ပျက်မသွားသေးဘူးလို့ဆိုပါတယ်။