မချမ်းချမ်းဟာ ပရိတ်သတ်အင်အားအများကြီးကို ပိုင်ဆိုင်ထားပြီး နာမည်ကျော်ကြားလူကြိုက်များတဲ့ အဆိုရှင်တဦးဖြစ်ပါတယ်။ အသံပါဝါအားကောင်းကောင်းပိုင်ထားတဲ့ အဆိုရှင်ဖြစ်ရုံမက စတိုင်ကျသပ်ရပ်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ Fashion ကျလွန်းသူရယ်လို့လည်း ထင်ရှားပါတယ်။ အောင်မြင်တဲ့တေးသီချင်းတွေနဲ့ တေးစီးရီးတွေထွက်ရှိခဲ့ပြီး ထွက်ခဲ့သမျှ သီချင်းတွေတိုင်းက ပရိတ်သတ် ပါးစပ်ဖျားမှာ စွဲထင်ကျန်အောင် သီဆိုနိုင်တဲ့ အသံပါရမီရှင်တဦးအဖြစ်လည်း ပရိတ်သတ်တွေက လက်ခံထားကြပါတယ်။ တော်လှန်ရေးကာလတစ်လျှောက်မှာ ပရိတ်သတ်တွေ၊ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပြီး အနုပညာအင်အားနဲ့ တောက်လျှောက်ပါဝင် တော်လှန်နေတဲ့ ပြည်သူ့အချစ်တော် တေးသံရှင်တဦးဖြစ်ပါတယ်။
လူငယ်တေးရေး၊ တေးဆိုတယောက်ဖြစ်တဲ့ Dianel Saw ဟာ ရုပ်ရှင် Audio တွေ၊ Sound Design တွေနဲ့ TV series တွေကို ဖန်တီးနေသူပါ။ သီချင်းတွေကို ရေးစပ်သီကုံးပြီး သီဆိုနိုင်ရုံမက Musical Instrument များစွာကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်တဲ့ လူငယ်ဂီတသမားဖြစ်ပါတယ်။ အမှန်တရားကို ထုတ်ဖော်တဲ့ အကြောင်းအရာတွေ၊ ထိခိုက်ခံစားရတဲ့ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ခံစားချက်တွေကို ထင်ဟပ်စေတဲ့အကြောင်းအရာတွေကို သူ့ရဲ့ ဂီတအင်အားတွေနဲ့ ပုံဖော် ဖန်တီး ပြသခဲ့ပါတယ်။ သူပါဝင်ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ဝင်တေးတွေကိုလည်း ပရိတ်သတ်တွေက အထူးကြိုက်နှစ်သက်ပြီးအားပေးခဲ့ကြပါတယ်။ သူကိုယ်တိုင် ရေးစပ်သီဆိုခဲ့တဲ့ တော်လှန်တေးသီချင်းတပုဒ်ဖြစ်တဲ့ “Fallen” ၊ သီဆိုသူတဦးအနေနဲ့ပါဝင်ခဲ့သလို၊ ဂစ်တာတီးခတ်ပေးခဲ့သူအနေနဲ့လည်း Music ပိုင်းမှာ အားဖြည့်ထားတဲ့ "ကြယ်" စတဲ့သီချင်းတွေက လူသိများထင်ရှားပါတယ်။ တော်လှန်ရေးနဲ့ စစ်ရှောင်များအတွက် ပြုလုပ်တဲ့ ဂီတပွဲတွေမှာလည်း အမြဲလိုလို ပါဝင်သီဆိုတီးခတ်အားဖြည့်တတ်သူ တဦးဖြစ်ပါတယ်။
Pie Pe ဟာ ဓမ္မတက္ကသိုလ်ကို တက်ရောက်စဉ်ကာလအတွင်း ဂီတပိုင်းကို နှစ်ချီကာ အထူးပြုလေ့လာခဲ့ပြီး ဂီတနဲ့ပတ်သတ်တဲ့ ဘွဲ့တွေကိုယူခဲ့ပါတယ်။ သူဟာအဲဒီ့နောက်ပိုင်းမှာ လူငယ်အများအပြားကို ဂီတနဲ့ပတ်သတ်တဲ့ပညာရပ်တွေကို နည်းပြတဦးအဖြစ် လေ့ကျင့်ပျိုးထောင်ပေးခဲ့ပါတယ်။ အဲဒီ့လူငယ်တွေက ဂီတနဲ့ပတ်သတ်တဲ့ ပြိုင်ပွဲတွေဝင်ရာမှတဆင့် ဆုတွေဆွတ်ခူးနိုင်ခဲ့သလို Pie Pe ကလည်း ဂီတနည်းပြဆုများကို တပြိုင်တည်းရရှိခဲ့ပါတယ်။
ကိုလင်းလင်းဟာ မြန်မာနိုင်ငံမှာ ပရိတ်သတ်အားပေးမှုများစွာရရှိထားတဲ့ တေးသံရှင်တဦးပါ။ သူက သီချင်းတွေကို သီဆိုရုံမက ကိုယ်တိုင်ရေးစပ်ပြီး တေးစီးရီးတွေများစွာ ထွက်ရှိနိုင်ခဲ့သလို အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါတယ်။ တော်လှန်ရေးကာလအတွင်းမှာလည်း ပရိတ်သတ်တွေ၊ ပြည်သူတွေနဲ့ အတူရပ်တည်ပြီး တတ်စွမ်းသမျှအနုပညာအင်အားတွေနဲ့ ဒီနေ့ထိ တော်လှန်တိုက်ပွဲဝင်ဆဲပါ။ ဒါတင်မကသေးဘဲ တော်လှန်ရေးကာလ အခက်အခဲတွေကြားမှာတင်ကို “စမှတ်” ၊ “The Way” စတဲ့ ဂီတရုပ်ရှင်တွေကို ကိုယ်တိုင်ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်တွေကလည်း နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ထူးချွန်ဆုတွေရရှိခဲ့ပါတယ်။
ကိုဖိုးသင်္ကြန်ဟာ အသက်၆နှစ်အရွယ်ကတည်းက ဂီတကိုရူးသွပ်စွဲလမ်းခဲ့ပြီး ဒီနေ့အချိန်ထိ ဂီတပညာနဲ့ပတ်သတ်တဲ့ခရီးလမ်းကို တစိုက်မတ်မတ်လျှောက်လှမ်းနေခဲ့သူဖြစ်ပါတယ်။ ကိုယ်တိုင်သီချင်းများကို သီဆိုရုံမက Music Recording ပိုင်းမှာလည်း တေးစီးရီးများစွာအတွက် ဂီတမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးခဲ့သူပါ။ ဂစ်တာနဲ့ စန္ဒရားကို ကျွမ်းကျင်စွာတီးခတ်တတ်ရုံမက မြန်မာ့ရိုးရာဆိုင်းဝိုင်းကြီးမှာလည်း အရည်အချင်းပြည့်ဝတဲ့ ဆိုင်းဝိုင်းခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် ကိုဖိုးသင်္ကြန်ကို မြန့်မာဆိုင်းပညာရှင်အဖြစ် လူသိများလှပါတယ်။ တော်လှန်ရေးကာလတလျှောက်မှာလည်း ပရိတ်သတ်တွေ၊ ပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး သူကျွမ်းကျင်တဲ့ တေးသီချင်းတွေ၊ တေးဂီတတွေနဲ့ အာဏာရှင်ကို ယနေ့အချိန်ထိ ပါဝင်တော်လှန်နေလျှက်ရှိပါတယ်။